14 July 2025 : 15:07:00
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင် ဦးထွန်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် မြတ်လေးလမ်းသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများ၊ နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ထို့နောက် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်၍ ယာယီရေတားတမံ တည်ဆောက်ထားရှိပြီး ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှု အခြေအနေများ၊ ရေပိုလွဲဆောင်ရွက် ထားရှိမှုနှင့် ရေလွှဲမြောင်းဖောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ အင်ကြင်းပန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးပလက်ဖောင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းနောက် ရာဇသင်္ဂဟလမ်းနှင့် ရာဇဌာနီလမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်း နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။