02 April 2024 : 14:04:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး တက်ရောက်၍ သင်တန်းဖွင့် မိန့်ခွန်းပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်သီတာဇင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများ တက်ရောက်ကြသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက သင်တန်းဖွင့် မိန့်ခွန်းပြောကြားရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးများမှ အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချပြီး အသိပညာ ဗဟုသုတများတိုးပွားစေရန်နှင့် ကွန်ပျူတာနည်းပညာအခြေခံတတ်ကျွမ်းစေရန် ရည်ရွယ်၍ “နွေရာသီအခြေခံကွန်ပျူတာသင်တန်း”ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ၂၁ ရာစု ဒီဂျစ်တယ်စွမ်းဆောင်ရည်များရရှိရေး အသွင်ကူးပြောင်းမှုအတွက် ကြားခံတစ်ခုဖြစ်လာစေရန် “လူတိုင်းအတွက် ဒီဂျစ်တယ်ပညာရေး မဟာဗျူဟာ” ကို ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/သူ တစ်ဦးတစ်ယောက်ချင်းစီသည် Basic Computer Skill ဆိုသည့် ကွန်ပျူတာနည်းပညာအခြေခံတတ်ကျွမ်းမှသာ “ Computer Literacy” ရှိမည်ဖြစ်ပြီး မိမိတို့ ကျောင်းသင်ခန်းစာများ သင်ယူရာတွင်သာမက ပြင်ပဗဟုသုတများကို ရှာဖွေလေ့လာ ရာတွင်လည်း ထိရောက်အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် အလေးအနက်တိုက်တွန်းပါကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူ များက နွေရာသီအခြေခံကွန်ပျူတာသင်တန်းတက်ရောက်မည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယခု ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သား/သမီးများမှ အခြေခံပညာအလယ်တန်းအဆင့် (Grade 8 & 9)(၄၃)ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် (Grade 10 & 11 & 12)(၄၇)ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး (၁-၄-၂၀၂၄ မှ ၁၂-၄-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။