05 June 2025 : 12:06:00
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီဝင်များဖြစ်ကြသော ဦးခွန်နေထွန်းဦးနှင့် ဦးမိုးကျော်၊ ဌာနကြီးမှူး ဦးအေးကိုကို၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်၍ လမ်းဘေး ဝဲ/ယာတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က လမ်းဘေးရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းဆောင်ရွက်ရေး၊ ရေမြောင်းများအား သတ်မှတ်ချက်အတိုင်း ပြန်လည်တူးဖော်ဆောင်ရွက်ရေး၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦများမရှိစေရေး၊ လမ်းဘေးဝဲ/ယာတွင် ချုံနွယ်များ ရှင်းလင်းရေး စနစ်တကျ စီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုနှင့် Modular House များ တပ်ဆင်ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ Modular House တွင်နေထိုင်မည့် ဝန်ထမ်းများအတွက် ရေ၊ မီးနှင့် သန့်စင်ခန်းစသည့် အခြေခံလိုအပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်ထားရှိရေး၊ လျှောက်လမ်းများ စနစ်တကျ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။