nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒက္ခိဏသီရိမြို့မှ ပေ(၈၀x၈၀) မြေကွက် (၁၉၇)ကွက်ကို မဲစနစ်ဖြင့်ရောင်းချခြင်းအခမ်းအနား ကျင်းပပြုလုပ်13 January 2020 : 12:01:00

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒက္ခိဏသီရိမြို့မှ ပေ(၈၀x၈၀) မြေကွက် (၁၉၇)ကွက်အား မဲစနစ်ဖြင့်ရောင်းချခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်(၀၉:၄၅)ချိန်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအစီအစဉ် အစမှအဆုံးအထိကို NPTDC Webportal Facebook Page မှလည်း တိုက်ရိုက် ( LIVE )ထုတ်လွှင့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များ ဖြစ်ကြသော ဦးမင်းသူ၊ ဦးဆန်းနိုင်နှင့် ဦးကျော်ဇင်လတ်၊ ဌာနကြီးမှူး ဦးမင်းမင်းဇော်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးထွန်းနိုင်၊ သက်ဆိုင်ရာဌာနမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ တာဝန်ရှိသူများနှင့် မြေကွက်လျှောက်ထားသူများ လေ့လာသူ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒက္ခိဏသီရိမြို့မှ ပေ(၈၀x၈၀) မြေကွက်(၁၉၇)ကွက်ကို မဲစနစ်ဖြင့်ရောင်းချပေးမည်ဖြစ်ပါကြောင်း လာရောက်လျှောက်ထားသူမှာ (၃၂၈)ဦး ဖြစ်နေပါသဖြင့် မဲစနစ်ဖြင့်ရောင်းချရခြင်းဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြေကွက်လျှောက်ထားသူများ၊ လေ့လာ သူဧည့်ပရိသတ်များ၏ ရှေ့မှောက်တွင် မဲစနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေ၊ မီး၊ လမ်းပြည့်စုံ၍ ဝယ်ယူသူပြည်သူ/ပြည်သားများ အဆင်ပြေစေမည့်အကွက်များကိုသာ ပထမဆုံး ရောင်းချပေးခြင်းဖြစ်ပါ၍ မြေကွက်မဲပေါက်ခြင်းမရှိခဲ့သောလျှောက်ထားသူများအား ပထမဦးစားပေး အနေဖြင့် နောက်ထပ်မြေကွက်အလွတ်များတွင် လိုအပ်သောစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီးလျှင် မကြာသောကာလအတွင်း ထပ်မံရောင်းချပေးသွားမည်ဖြစ် ပါကြောင်းနှင့် နေပြည်တော်အား စည်ပင်သာယာသော မြို့တော်ကြီးဖြစ်စေရန် ရည်ရွယ်ပြီး နေပြည်တော်တွင် ပြည်သူ/ပြည်သားများ ပိုမိုလာရောက်နေထိုင်နိုင်ရန်အတွက် ရောင်းချပေးခြင်းဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။ ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး(မြို့/မြေ) ဦးမင်းမင်းဇော်က မြေကွက်ချထားခြင်းဆိုင်ရာစည်းကမ်းများနှင့် မဲနှိုက်မည့်အစီအစဉ်အား ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် မြေကွက်လျှောက်ထားသူ (၃၂၈)ဦး၏ မဲများ ကော်မတီမှရောင်းချပေးမည့် မြေကွက်(၁၉၇)ကွက်၏ မြေကွက်အမှတ်ပါမဲများအား လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် စစ်ဆေးအတည်ပြုပေးခဲ့သည်။ ယင်းနောက် မဲနှိုက်မည့်အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ရာ မဲနှိုက်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့မှ ကိုယ်တိုင်ဆောင်ရွက် ပေးခဲ့ပါသည်။ မဲဖောက်သည့်အစီအစဉ်ပြီးဆုံးပြီးနောက် မြေကွက်မဲပေါက်သူ (၁၉၇)ဦးမှ ဆက်လက် ဆောင်ရွက်ရမည့်အစီအစဉ်အား မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးနေမျိုးအောင်က အသိပေးကြေညာခဲ့ပါသည်။ ထို့နောက် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက မဲစနစ်ဖြင့် မြေကွက်များရောင်းချပေး ခဲ့ခြင်းအခမ်းအနား အောင်မြင်စွာပြီးဆုံးသွားပြီးဖြစ်ပါ၍ မြေကွက်မဲပေါက်သူ (၁၉၇)ဦးမှ လိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ကော်မတီ၏ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား စာရွက်စာတမ်းများပြည့်စုံပါက အမြန်ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း ပြောကြားပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရသည်။ ယနေ့ မဲနှိုက်မှုအစီအစဉ်အရ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ(၈၀x၈၀) မြေကွက် (၁၉၇) ကွက်အား မဲနှိုက်စနစ်ဖြင့် ရောင်းချခဲ့ရာတွင် မဲပေါက်သူအမည်စာရင်းနှင့် ရရှိသည့်မြေကွက်နံပါတ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

မဲပေါက်သူ မြေကွက်ရှင်များအနေဖြင့် ကော်မတီကသတ်မှတ်ထားသော စည်းကမ်းချက်(၉) ချက်အား လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး ကော်မတီထံမှ မြေပေးမိန့်လက်ခံရယူနိုင်ရန်အတွက် အောက်ပါ အချက်များကိုလည်း သိရှိလိုက်နာရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ မြေကွက်မဲပေါက်သူများမှ ဆောင်ရွက်ရမည့်အစီအစဉ်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ

၁။-------မြေကွက်နေရာကြည့်ရှုရန်။ (နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများလိုက်ပါ၍ မြေပြင်တွင်ပြသခြင်းအား ကူညီဆောင်ရွက် ပေးပါမည်)

၂။-------မြေတန်ဖိုးငွေပေးသွင်းရန် ငွေသွင်းချလံအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် ထုတ်ယူရန်။

၃။-------ငွေသွင်းချလံထုတ်ပြီးပါက နေပြည်တော်စည်ပင်ဘဏ်လီမီတက်တွင် ဖွင့်လှစ်ထားသော နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ အထွေထွေမြေကွက်များ ရောင်းချသည့် ယာယီငွေစာရင်းရှင်အမှတ်၊ 002-01-051-00004194သို့ပေးသွင်း၍ ချလံမူရင်းအား မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ပြန်လည်အပ်နှံရပါမည်။

၄။------- ချလံမူရင်းအပ်နှံပြီးပါက မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ မြေပေးမိန့်ထုတ်ပေးပါမည်။

၅။-------မြေတန်ဖိုးငွေကျပ်(၂၅၀)သိန်းအား (၂၄ - ၁ - ၂၀၂၀)ရက်နေ့(သောကြာနေ့) နောက်ဆုံး ထား ပေးသွင်းရမည်ဖြစ်ပြီး ၎င်းနေ့အတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက မြေနေရာချထား သည့်စာရင်းမှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ပါသည်။

၆။ မြေပေးမိန့်ထုတ်ပေးသည့်ရက်မှ စတင်၍ (၁)နှစ်အတွင်း သတင်းစာကြော်ငြာတွင်ပါရှိသော အောက်ပါ စည်းကမ်းချက်(၉)ချက်များအတိုင်းလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-

-------(က) အမှန်တကယ်နေအိမ်ဆောက်လုပ်နေထိုင်သူဖြစ်ရမည်၊

-------( ခ ) လျှောက်ထားသူ(၁)ဦးလျှင် မြေကွက်(၁)ကွက်သာ ဝယ်ယူခွင့်ရရှိမည်၊

-------( ဂ ) နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ်(၃၀)မြေငှားစာချုပ်ချထားပေးမည်၊

-------(ဃ) မြေကွက်အားဝယ်ယူခွင့်ရရှိပါက သတ်မှတ်မြေတန်ဖိုးငွေကို တစ်ကြိမ်တည်းဖြင့် အပြေအကျေ ပေးသွင်းရမည်၊

-------( င ) မြေကွက် စတင်ချထားသည့်နေ့မှ (၆)လအတွင်း ခြံစည်းရိုးကာရံခြင်းကို ဆောင်ရွက်ပြီး (၁)နှစ်အတွင်း နေအိမ်အပြီး ဆောက်လုပ်ရမည်ဖြစ်သည်။ နေအိမ်ဆောက်လုပ်ခြင်းမရှိိပါက ပေးသွင်းထားသောမြေတန်ဖိုးကို ပြန်လည်ထုတ်ပေးခြင်းမပြုဘဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းဆည်းမည်၊

-------( စ ) ခြံစည်းရိုးကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းများအတွက် အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်၊

-------(ဆ) မြေကွက်အား ခွဲစိတ်၍ တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ပေးကမ်းခြင်း မပြုရ၊

-------( ဇ ) သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးအတွက် အရိပ်ရပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးရမည်၊ မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေရေး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာ သတ်မှတ်သည့် စည်းကမ်းချက်များအား လိုက်နာရမည်၊

-------( ဈ ) ပေးသွင်းထားသော မြေတန်ဖိုးကို မည်သည့်အကြောင်းနှင့်မျှ ပြန်လည်ထုတ်ပေးခြင်းမပြုပါ။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒက္ခိဏသီရိမြို့မှ ပေ(၈၀x၈၀) မြေကွက် (၁၉၇)ကွက် မဲပေါက်သူများစာရင်းအားwww.nptdc.gov.mm/customized/pdf/(80x80)_197plots.pdf တွင် download ရယူနိုင်ပါသည်။

 

ပင်မစာမျက်နှာသို့