26 November 2020 : 16:11:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနကြီးမှူး(အင်/ယာ) ဦးတင်အောင်ငွေသည် အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူး ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ မြို့မဈေးအနီးတွင် ဆောက်လုပ်နေသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အိမ်ရာအဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ မြေဖြတ်ခြင်း မြေသားလမ်းခင်းကျင်းမှုနှင့် ကွန်ကရစ်လမ်းခင်းကျင်းမှုအခြေအနေများ၊ မြေထိန်းနံရံတည်ဆောက်မှု အခြေအနေများနှင့် ရေပိုက်လိုင်းသွယ်တန်းမှုအခြေအနေများစသည့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများ နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုအပေါ် ဌာနကြီးမှူး(အင်/ယာ) ဦးတင်အောင်ငွေက လုပ်ငန်းခွင်အတွင်း ခင်းကျင်းပြီး လမ်းများပေါ်တွင် လမ်းဒီဇိုင်း၏ သတ်မှတ်ခံနိုင်ရည်ထက် ကျော်လွန်သောတန်ပိုယာဉ်များ မောင်းနှင် ခြင်းမပြုကြရန်၊ လုပ်ငန်းသုံးပစ္စည်းစုပုံရန် သတ်မှတ်ထားသည့်မြေနေရာ၌ မြေကြီးများအား စွန့်ပစ် ခြင်းမပြုရန်နှင့် လုပ်ငန်းလိုအပ်ချက်ရှိပါက တာဝန်ရှိသူများနှင့် အမြဲဆက်စပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။