29 December 2020 : 10:12:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ မော်တော်ယာဉ် (၁၁)စီး တင်ဒါစနစ်ဖြင့် ဝယ်ယူရန်အတွက် နည်းပညာအဆိုပြုလွှာ(စာအိတ်-A) ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၂ရက်နေ့ နံနက် ၁၀ နာရီချိန်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်း အဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်(၆) ဦးကျော်ဇင်လတ်၊ တင်ဒါကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဌာနကြီးမှူး(ထုတ်လုပ်ရေး) ဦးစိုးဟန်၊ တင်ဒါကော်မတီအတွင်းရေးမှူး၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာန ဌာနမှူး ဦးကျော်မင်း၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးလှစိုး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နည်းပညာအဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီများ တက်ရောက်ကြသည်။ ရှေးဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်(၆) ဦးကျော်ဇင်လတ်က အဖွင့်အမှာစကား ပြောကြားပြီး တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဌာနကြီးမှူး(ထုတ်လုပ်ရေး) ဦးစိုးဟန်က နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တင်ဒါကော်မတီအတွင်းရေးမှူး၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာန ဌာနမှူး ဦးကျော်မင်းက နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကုမ္ပဏီများမှတာဝန်ရှိသူတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှမော်တော်ယာဉ်(၁၁)စီး ဝယ်ယူရန်အတွက် နည်းပညာအဆိုပြုလွှာ(စာအိတ်-A)များကို တင်ဒါကော်မတီ အဖွဲ့ဝင်များ၏ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ပြီး တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင် (၆) ဦးကျော်ဇင်လတ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရသည်။