nptdc title

Language »  English | Myanmar

နေပြည်တော် ရေပန်းဥယျာဉ်အား နှစ်ရှည် ငှားရမ်းရေးအတွက် ဆွေးနွေးမှုဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား 03 January 2020 : 10:01:00

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော် ရေပန်းဥယျာဉ်အား နှစ်ရှည်ငှားရမ်း ရေးအတွက် ဆွေးနွေးမှုဆိုင်ရာသဘောတူညီချက် Agreement on Discussion- AOD လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၀၉:၀၀ ချိန်တွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နှင့် ဦးကျော်ဇင်လတ်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူးများဖြစ်ကြသော ဦးမင်းမင်းဇော်၊ ဦးစိုးဝင်း၊ ဦးအေးကိုကို၊ ဦစိုးဟန်နှင့် ဦးတင်အောင်ငွေ၊ သက်ဆိုင်ရာဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် နေပြည်တော်ရေပန်းဥယျာဉ်အား နှစ်ရှည်ငှားရမ်းရေးအတွက် ဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက် Agreement on Discussion- AOD ကို ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန ဌာနမှူး ဦးမိုးကျော်စွာနှင့် Sun Myat Tun Construction Co.,Ltd မှ ဥက္ကဋ္ဌ ဒေါက်တာ နေလင်းထွန်းတို့ အပြန်အလှန်လက်မှတ်ရေးထိုးခြင်းကိစ္စရပ်များအား ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြ သောအကြီးအကဲများနှင့်တာဝန်ရှိသူများ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသိရှိရသည်။ နေပြည်တော် ရေပန်းဥယျာဉ် (Fountain Park) အား နေပြည်တော်အထူးဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၀၇ ခုနှစ်၊ မေလမှ စတင်တည်ဆောက်အကောင်အထည်ဖော်ခဲ့ရာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ ၂၀၀၈ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါရေပန်းဥယျာဉ်အား နေပြည်တော်စည်ပင်သာယာရေးကော်မတီက လက်ခံရယူခဲ့ကာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် အဆိုပါရေပန်းဥယျာဉ်၏ သက်တမ်းမှာ ၁၁နှစ် ကျော်ကာလသို့ရောက်ရှိခဲ့ပြီဖြစ်ရာ မူလတည်ဆောက်ထားခဲ့သော မြေယာရှုခင်းအလှများ၊ အပန်းဖြေကစားနည်းများအား အဆင့်မြှင့်တင်ရန်နှင့် ပိုမိုဆန်းသစ်သော အပန်းဖြေကစားနည်းများ ထပ်မံထည့်သွင်းရန် အချိန်တန်ပြီဟု သုံးသပ်ယူဆပြီးနောက် ရေပန်းဥယျာဉ်အား နိုင်ငံတော်အဆင့်နှင့်လျော်ညီအောင်၊ ပြည်သူများအတွက် ယခုအခြေအနေထက် ပိုမို ဆန်းသစ်ကောင်းမွန်စေမည့် အပန်းပြေစေမည့် ရေပန်းဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီက ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသို့ အဆင့်မြှင့်တင်ရန်အတွက် ထပ်မံကုန်ကျမည့်ကုန်ကျစရိတ်တွက်ချက်မှုအရလည်းကောင်း၊ ရေပန်းဥယျာဉ်မှ ရရှိသောဝင်ငွေဖြင့် ရေပန်းဥယျာဉ်အတွက် လိုအပ်သောပြင်ဆင်ထိန်းသိမ်းစရိတ်များကို ကျခံဆောင်ရွက်လျက်ရှိရာ အဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ရင်းနှီးမြှပ်နှံမှုအတွက် ဘဏ္ဍာငွေအား တစ်လုံးတစ်ခဲတည်း ထည့်ဝင်သုံးစွဲရန် ကန့်သတ်ချက်များစွာရှိနေ၍ လည်းကောင်း၊ ကော်မတီသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုခံယူခဲ့ပြီးနောက် နေပြည်တော် ရေပန်း ဥယျာဉ်အား ကော်မတီက ငွေပင်ငွေရင်း စိုက်ထည့်ရန်မလိုဘဲ ကော်မတီကမျှော်မှန်းလုပ်ဆောင်လိုသည့် ရေပန်းဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စည်းကမ်းချက်များသတ်မှတ်၍ ပုဂ္ဂလိကသို့ နှစ်ရှည်ငှား ရမ်းခွင့်ပြုနိုင်ရေးကို နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသော တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်ခဲ့သည်။ ပထမအဆင့်အနေဖြင့် ပဏာမစိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI)တင် သွင်းရန် နိုင်ငံပိုင်သတင်းစာများမှတဆင့် (၂၃.၈.၂၀၁၈)၊ (၃၀.၈.၂၀၁၈) ရက်နေ့များတွင် ကြေညာ၍ ခေါ်ယူ ခဲ့သည်။ EOI အဆိုပြုလွှာတင်ပြလာသည့် ပုဂ္ဂလိက ကုမ္ပဏီ (၈)ခု (စိုးလျှပ်စစ်ကုမ္ပဏီ၊ ခရမ်းပြာမြေယာ ရှုခင်းကုမ္ပဏီ၊ ဆန်းမြတ်ထွန်းကုမ္ပဏီ၊ Fine Fit Myanmar ကုမ္ပဏီ၊ Golden Hours ကုမ္ပဏီ၊ Mingalar Dragon ကုမ္ပဏီ၊ Great BM ကုမ္ပဏီ နှင့် Dazzling Ray ကုမ္ပဏီ) ရှိခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ စိစစ်ခဲ့ရာ အဆိုပါကုမ္ပဏီအားလုံးသည် ရေပန်းဥယျာဉ်အားအဆင့်မြှင့်တင်နိုင်သည့် ကုမ္ပဏီများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ဒုတိယအဆင့်အနေဖြင့်ရေပန်းဥယျာဉ်အား အဆင့်မြှင့်တင်ခြင်းအတွက် ကနဦး သက်တမ်း ၁၀ နှစ်၊ ထပ်တိုး ၅နှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း နှစ် ၂၀ နှစ်ရှည် အငှားချထားမည့် ကုမ္ပဏီအား အပြီးသတ်ရွေးချယ်နိုင်ရန် တင်ဒါစည်းကမ်းချက်များသတ်မှတ်၍ တင်ဒါခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများ၌ (၁၆.၉.၂၀၁၉)ရက်နေ့တွင် ကြေညာ၍ EOI အောင်မြင်သူ ကုမ္ပဏီ ၈ခုသို့ အသိပေးကြေညာခဲ့သည်။ အဆိုပြုတင်ဒါများမတင်သွင်းမီ ၂၄.၉.၂၀၁၉ရက်နေ့တွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ တင်ဒါကော်မတီက တင်ဒါစည်းကမ်းချက်များ၊ အမှတ်ပေးစည်းမျဉ်းများအား ကုမ္ပဏီ ၈ခုသို့ ချပြရှင်းလင်းခဲ့သည်။ ယင်းနောက် ကော်မတီသို့ တင်ဒါတင်သွင်းလာသူ ကုမ္ပဏီ ၄ခု(ခရမ်းပြာ မြေယာရှုခင်းကုမ္ပဏီ၊ ဆန်းမြတ်ထွန်းကုမ္ပဏီ၊ Mingalar Dragon ကုမ္ပဏီနှင့် Dazzling Ray ကုမ္ပဏီ)ဖြစ်ပြီး ၁၈.၁၀.၂၀၁၉ ရက်နေ့တွင် တင်ဒါဖွင့်ဖောက်ခဲ့သည်။ အဆိုပါကုမ္ပဏီ၄ခု၏ အဆိုပြုတင်ပြချက်အပေါ် ကော်မတီ၏ အမှတ် ပေးစည်းမျဉ်းများအရ ဆန်းမြတ်ထွန်းကုမ္ပဏီအား အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆန်းမြတ်ထွန်း ကုမ္ပဏီအနေဖြင့် AOD လက်မှတ် ရေးထိုးပြီးသည့် နေ့မှစ၍ (၃)နှစ်အတွင်း မူလရှိပြီး ၃ဆင့်ရေကန်၊ ရေတံခွန် ၊ Water Movie၊ Water Dancing တို့အား အဆင့်မြှင့်တင်ခြင်းနှင့်လုပ်ငန်းသစ် ၄၂ ခု အား တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကျပ် ၁၅.၈၆ ဘီလီယံ အကုန်အကျခံ၍ အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

ပင်မစာမျက်နှာသို့