nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဥတ္တရသီရိမြို့နယ် ရေပေးရေးပိုက်လိုင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး06 May 2025 : 14:05:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ခုနှစ်၊ မေလ (၅)ရက် နံနက်ပိုင်းက အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ဥတ္တရသီရိမြို့နယ် ရေပေးရေးပိုက်လိုင်းများ ပျက်စီးခဲ့ခြင်းအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ဝန်ထမ်းများနှင့် ယန္တရား များဖြင့် တူးဖော်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တော်ဝန်က အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ရွေ့ကြောင်းဖြစ်ပေါ်သည့်နေရာများမှ ပျက်စီးမှုများအား စနစ်တကျ လိုက်လံစစ်ဆေး၍ စီမံဆောင်ရွက်ခြင်းဖြင့် အမြန်ဆုံးရေပေးဝေ နိုင်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့သို့ ရေဖြန့်ဖြူးပေးဝေ သည့် သဲရေစစ်ကန်အမှတ်(၃)သို့ သွားရောက်၍ ရေအရည်အသွေးကောင်းမွန်ပြီး သန့်စင်သော သောက်သုံးရေများ ပို့လွှတ်နိုင်စေရေးနှင့် ရေထွက်နှုန်းကောင်းမွန်ပြီး ရေအလေအလွင့်မရှိ ပေးဝေ နိုင်စေရေး စနစ်တကျဖြင့် အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ယင်းနောက် နေပြည်တော်အတွင်း ရေအခက်အခဲဖြစ်ပေါ်နေသည့် အများပြည်သူများသို့ သုံးရေဖြန့်ဝေပေးလျက်ရှိသည့် ရေများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော ပိုးမွှားများကင်းစင်စေရန် အတွက် ရေသယ်ယာဉ်များတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ကလိုရင်းဆေးထည့်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ခေျာင်းမကြီးဆည်သို့ သွားရောက်၍ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ဆည်တမံပျက်စီးမှုများအား ဘူမိဗေဒစမ်းသပ်မှု ရလာဒ်အခြေအနေများနှင့် တိုင်းတာစစ်ဆေးနေမှုအခြေအနေများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိုက်က ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ခေျာင်းမကြီးဆည်၏ ပျက်စီးမှုများကို စနစ်တကျဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့