nptdc title

Language »  English | Myanmar

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း မြို့သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း16 August 2023 : 12:08:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ သက်ဆိုင်ရာဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များ အတွင်း မြို့သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာကြာပန်းအဝိုင်းအနီးတွင် Free Way လမ်း တိုးချဲ့ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုရာ မြို့တော်ဝန်က Free Way လမ်းဘေး ပလက်ဖောင်းအား စံချိန်စံညွှန်း ပြည့်မီပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီးစေရေးဆောင်ရွက်ရန်၊ ပြင်ဆင်ကာရံသည့် ပန်းခြံခြံစည်းရိုးအား သပ်ရပ်ခိုင်ခန့်စွာ ဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းကြောင်းပြမျှား အမှတ်အသားများကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းကွေ့နေရာတွင် Free Way လမ်းတိုးချဲ့ ဖောက်လုပ်နေမှုနှင့် သံတမန်ဇုံအတွင်းရှိ သစ်ခွလမ်းမှ မြတ်မင်္ဂလာလမ်းသို့ လမ်းဖြောင့်ဖောက်လုပ် ကွန်ကရစ်ခင်းရန် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်က လုပ်ငန်းများ စနစ်တကျဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး)ရှိ သုခတော်ဝင်အိမ်ရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သုခတော်ဝင်အိမ်ရာအတွင်း လုံခြုံရေးနှင့်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရေဆိုးသန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေးကိုက်ညီအောင်ဆောင်ရွက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့