News Image

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

13 December 2025 : 11:12:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနား မြို့နယ်၊ ယောက်သွားအင်းအရှေ့ကျေးရွာတွင် မန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အနက်ပေ (၄၀၀) ရှိ စက်ရေတွင်းအား ပြန်လည်တပ်ဆင်ပေးရန် လိုအပ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက် ကျေးရွာအတွင်း သောက်သုံးရေဖူလုံမှုရှိစေရေး၊ ရေပေးဝေမှု၊ ရေထုတ်ယူမှုလုပ်ငန်းစဉ်များ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်စေရေးနှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ထို့နောက် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၁)ရပ်ကွက်၊ ဘိုကုန်းလမ်း အကျယ် (၁၃) ပေ၊ အရှည် (၁၅ဝဝ) ပေရှိ ကွန်ကရစ်လမ်းခင်းမည့်အ‌ခြေအနေနှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကိုလည်း‌ကောင်း၊ ဘိုကုန်းရပ်ကွက် ရုံးပတ်လမ်းအနီးရှိ အချင်း (၄) လက်မ၊ အနက် (၄၈၅)ပေရှိသည့် စက်ရေတွင်း ပြင်ဆင်ရန်လိုအပ်မှုအ‌ခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်ရှိ ဇီဇဝါလမ်းအား ကွန်ကရစ်လမ်းခင်းရန် လိုအပ်မှုအခြေအနေ၊ ပုဗ္ဗသီရိမြို့နယ်၊ တံတားဦးကျေးရွာတွင် ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှုနှင့် ရွာတွင်းလမ်းအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးမည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်‌ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။