News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းသားသမီးများအတွက် အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ကွန်ပျူတာနည်းပညာအခြေခံတတ်ကျွမ်းစေရန် ရည်ရွယ်၍ နွေရာသီအခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်လှစ်

24 March 2026 : 11:03:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူး ဖွင့်လှစ်သည့် ဝန်ထမ်းသားသမီးများအတွက် နွေရာသီအခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေး ကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။အခမ်းအနားသို့ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများ တက်ရောက်ကြသည်။ဦးစွာ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ သားသမီးများအနက် အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချပြီး အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ကွန်ပျူတာနည်းပညာအခြေခံ တတ်ကျွမ်း စေရန်ရည်ရွယ်၍ “နွေရာသီအခြေခံကွန်ပျူတာသင်တန်း”ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)တွင် (၂၁) ရာစု ဒီဂျစ်တယ် စွမ်းဆောင်ရည်များရရှိရေး အသွင်ကူးပြောင်းမှုအတွက် ကြားခံတစ်ခုဖြစ်လာစေရန် “လူတိုင်းအတွက် ဒီဂျစ်တယ်ပညာရေး မဟာဗျူဟာ”ကို ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျောင်းသား/သူတစ်ဦးတစ်ယောက်ချင်းစီသည် Basic Computer Skill ဆိုသည့် ကွန်ပျူတာနည်းပညာအခြေခံတတ်ကျွမ်းမှသာ “Computer Literacy” ရှိမည်ဖြစ်ပြီး မိမိတို့ ကျောင်း သင်ခန်းစာများ သင်ယူရာတွင်သာမက ပြင်ပဗဟုသုတများကို ရှာဖွေလေ့လာရာတွင်လည်း ထိရောက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်လာစေရေး ယခုသင်တန်းမှ သင်ကြားပို့ချသည် များကို ကြိုးစားသင်ယူကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားပြီး ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း တက်ရောက်ကြမည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ယနေ့ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့မှကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ သား/သမီးများအနက် အခြေခံပညာ အလယ်တန်းအဆင့် (Grade 8 & 9)(၂၇)ဦးနှင့် အခြေခံပညာအထက်တန်းအဆင့်(Grade 10 & 11 & 12)(၁၅)ဦး၊ စုစုပေါင်း(၄၂)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကာ (၂၃-၃-၂၀၂၆ မှ ၆-၄-၂၀၂၆) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။